ဓမ္မရသများ

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၀) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း (ခ)

ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာအကြောင်းကို အပိုင်း (က)တွင် မိမိစွမ်းနိုင်သမျှစုစည်းတင်ပြခဲ့ပါသည်။ ယခုအပိုင်း (ခ)တွင် ကြွင်းကျန်သည့် ကရုဏာ မုဒိတာနှင့် ဥပေက္ခာအကြောင်းတို့ကို စွမ်းသမျှတင်ပြပါမည်။ ကရုဏာဟူသော ဝေါဟာရကို အင်္ဂလိပ်ဘာသာပြန်သည့်အခါ Compassion ဟုဘာသာပြန်ကြ၏။ အောက်စဖို့ဒ်အဘိဓာန်တွင် Compassion ကိုဤသို့ဖွင့်ဆိုထား၏။ Compassion: pity for the sufferings of others, making one want to help them: be filled with compassion.  A feeling of deep sympathy and sorrow for another who is stricken by misfortune, accompanied by a strong desire to alleviate the suffering. Compassion: a deep awareness of and sympathy for another suffering.  Humane quality of understanding the suffering of others and wanting to do something about it. Definition of compassion: sympathetic consciousness of others' distress together with desire to alleviate it.
  ဤဖွင့်ဆိုချက်၏ဆိုလိုရင်းမှာ ကရုဏာဟူသည် ကံဆိုးမိုးမှောင်ကျနေ၍ အတိဒုက္ခရောက်နေသော သူအား ထိုဒုက္ခမှကယ်တင်ပေးလိုသော ပြင်းပြသည့်ဆန္ဒ၊ ဒုက္ခရောက်နေသူအား နစ်နစ်နောနောစိတ်ပူပန်၍ လူသားဆန်စွာ လေးလေးနက်နက်သနားကြင်နာမှု ဟူ၍ဖြစ်၏။
           
            ထို့ပြင် Compassion နှင့်ပတ်သက်၍ အခြားသောဖွင့်ဆိုချက်မှာဤသို့။
   Compassion need not be cultivated or developed - it is naturally present. Cultivated compassion is lifeless compared to the potent energy of innate altruism of that is available to everyone. True compassion is not about pity, yet feels everything deeply and responds to everything completely. Natural compassion fuels our responses with beneficial action, skillful means and heart connection with no need for contrivance.
   အဓိပ္ပါယ်မှာ ကရုဏာကိုတမင်ပွါးများဘို့မလိုအပ်။ ၎င်းသည် သဘာဝလက်ဆောင်တစ်ခုဖြစ်၏။ တမင်ပွါးများထားသော ကရုဏာသည် လူတိုင်း၌ရှိသော ကိုယ်ကျိုးမငဲ့သော မူလစိတ်စွမ်းအင်လောက် အသက်မဝင်။ စစ်မှန်သောကရုဏာသည် သနားခြင်းသက်သက်မျှသာမဟုတ်၊ အရာရာကိုနစ်နစ်နောနောခံစား၍ ပြည့်ပြည့်ဝဝ တုန့်ပြန်ဆောင်ရွက်တတ်၏။ ထို့ပြင် သဘာဝမူရင်းကရုဏာသည် လုပ်ကြံဖန်တီးမှုအလျဉ်းမရှိဘဲ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ရပ်များ၊ ကျွမ်းကျင်လိမ္မာသော နည်းလမ်းများနှင့် ဖြုစင်သော နှလုံးသားတို့ဖြင့် မိမိတို့၏ တုန့်ပြန်ဆောင်ရွက်မှုများကို အင်အားပြည့်စေ၏ ဟူသတည်း။
  အထက်ပါဖွင့်ဆိုချက်နှစ်ခုတွင် အောက်စဖို့အဘိဓာန်၏ ဖွင့်ဆိုချက်သည် မူရင်းကရုဏာပုဒ်၏ အဓိပ္ပါယ်နှင့် အလှမ်းဝေးနေ၏။ ဒုတိယဖွင့်ဆိုချက်သည် အတော်အတန်နီးစပ်၏။ မူရင်းကရုဏာဟူသော စကားလုံး၏အဓိပ္ပါယ်မှာ  သောကဗျာပါဒအပူမီးများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းစွာ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ကယ်တင်ပေးလိုသော လေးနက်မြင့်မြတ်ကြီးမားသော စိတ်စွမ်းအင်ဖြစ်၏။ ဥပမာဆိုပါစို့။ အသင်သည် လူတစ်ယောက်ကို သနား၏။ သူ့အတွက် စိတ်ပူပန်မှုသောကလဲဖြစ်၍ အေးငြိမ်းမှုမရ။ ဤအခြေအနေ ဤစိတ်ထားမျိုးကို ကရုဏာအစစ်ဟုမဆိုရ။ ကရုဏာအတုသာဆိုရ၏။ အမှန်စင်စစ် အသင်သည် လူတစ်ယောက်ဆင်းရဲဒုက္ခရောက်နေသည်ကို သနား၏။ ထိုသနားခြင်းသည် ထိုသူအတွက် စိတ်ပူပန်မှု၊ ပင်ပန်းမှု၊ နာကျင်မှုအလျဉ်းမရှိ၊ သို့သော် အလေးထား၏။ တန်ဘိုးထား၏။ အလွန်ကြင်နာသနား၏။ ကြည်၏။ ငြိမ်း၏။ အေးချမ်း၏။ ပြည့်ဝ၏။ အသိဥာဏ်ပညာပါ၏။ ထိုအဓိပ္ပါယ်များပါဝင်သော စိတ်ထားမျိုးဖြင့် တစ်စုံတစ်ရာသော ကောင်းကျိုးများဖြစ်မြောက်သည်အထိ စွန့်လွှတ်အနစ်နာခံကာ ကူညီဆောင်ရွက်၏။ ကယ်ဆယ်ပေး၏။ ဤသည့်စိတ်ဓာတ်နှင့်လုပ်ရပ်နှစ်မျိုးပါဝင်မှုကိုသာ ကရုဏာဟုခေါ်ဆို၏။

  
       တတိယမြောက် ဗြဟ္မစိုရ်တရားသည် မုဒိတာဖြစ်၏။ ဤမုဒိတာသည် သူများကြီးပွါးအောင်မြင်သည်ကို မနာလိုခြင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုနှင့်အောင်မြင်မှုမှန်သမျှကို သူတပါးအားမျှဝေမပေးလိုသည့် ဝန်တိုခြင်းသဘောတရားတို့၏ဆန့်ကျင်ဘက်ဖြစ်၏။ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်တတ်သည့်သဘော ကျေနပ်တတ်သည့်သဘောပင်ဖြစ်၏။ မိမိ၏မိသားစု မိမိနှင့်နီးစပ်သူဖြစ်ခြင်းကြောင့်မဟုတ်မူဘဲ အားလုံးအပေါ်ဝယ် ကြီးပွါးရေး အောင်မြင်ရေးနှင့်ပတ်သက်၍ ဝမ်းမြောက်တတ်၏။ မိမိ၏ရန်သူ ဆန့်ကျင်ဘက်သဘောထားရှိသူတို့ အပေါ်သော်မှ ဝမ်းမြောက်နိုင် ကျေနပ်နိုင်၏။ မြင့်မြတ်လှချေ၏တကား။
       စတုတ္ထမြောက် ဗြဟ္မစိုရ်တရားသည် ဥပေက္ခာဖြစ်၏။ ဥပေက္ခာ၏ သဘောသည် အောင်မြင်ခြင်းကြောင့်လည်းဝမ်းမမြောက်၊ ကျရှုံးခြင်းကြောင့်လည်း ဝမ်းမနဲ၊ စိတ်မချမ်းမသာမဖြစ်၊ တည်ငြိမ်တည့်မတ်ခြင်းသဘောရှိ၏။ လောက၏ အမျိုးမျိုးသော ဖြစ်ရပ်လုပ်ရပ်တို့ဖြင့် ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်း မမြောက်မူဘဲ မူလသဘောသဘာဝအတိုင်း အရှိကိုအရှိအတိုင်း တည်ငြိမ်တည့်မတ်စွာနားလည်ခံစားတတ်ခြင်းသဘောပင်တည်း။ လောက၏ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကဓံတို့ကို သဘာဝအတိုင်းရှုမြင်ခံစားနားလည်၍ တည်ငြိမ် ရင့်ကျက် တည့်မတ်စွာ ဆက်လက်ဆောင်ရွက်အားထုတ်ခြင်းသဘောပင်ဖြစ်၏။  အထင်ရှားဆုံးသော သာဓကကိုဆိုရလျှင် ဒေဝဒတ်သည် မြတ်ဗုဒ္ဓအပေါ်ဝယ် အမျိုးမျိုးမကောင်းကြံကာ လုပ်ကြံသတ်ဖြတ်သည်အထိ အတင့်ရဲခဲ့၏။ သို့သော် မြတ်ဗုဒ္ဓသည် ဒေဝဒတ်အပေါ်ဝယ် ဒေါသလည်းမဖြစ်၊ ကျောခိုင်းပစ်ထားခြင်းလည်းမဟုတ်၊ ဒေဝဒတ်နှင့်ပတ်သက်၍ ဟောစရာရှိက အရှိအတိုင်း မူလသဘာဝအတိုင်း သိရှိနားလည်အောင် ကောင်းကျိုးဖြစ်ထွန်းအောင်ဆက်လက်၍ ဟောပြော၏။  ရှင်းစရာရှိပါက ရှင်း၏။ ငါ့စကားကို နားမထောင်သူ ငါ့ကိုမကောင်းကြံသူဟူ၍ ဒေါသအာဃာတစိတ်ထား၊ မလိုလားသောစိတ်ထားတို့ဖြင့် ပစ်ပယ်လိုက်ခြင်းမဟုတ်။ ကျောခိုင်းလိုက်ခြင်းမဟုတ်ပေ။  သို့သော်လောကလူအများသည်ကား မိမိသဘောနှင့်မတိုက်ဆိုင်တိုင်း လုံးဝမဆက်ဆံ မကူညီတော့ဘဲ အရေးမထားတော့ဘဲ ကျောခိုင်းလိုက်ခြင်း ပစ်ပယ်လိုက်ခြင်းကို ဥပေက္ခာဟု ထင်မှတ်မှားနေကြ၏။  အလွန်သတိထားရမည့်အချက်ပင်တည်း။  ထို့ကြောင့် ဥပေက္ခာဟူသည် ဒေါသကြောင့်ပစ်ပယ် ကျောခိုင်းလိုက်ခြင်းလည်းမဟုတ်၊ ချစ်ခင်ခြင်းကြောင့်လဲ ပို၍ကြောင့်ကြစိုက်ခြင်းမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ရပ်တို့၏ မူလသဘောသဘာဝကို အရှိအတိုင်းခံစားနည်းလည်ကာ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်သင့်သည်တို့ကို အလေးအနက်ထားလျှက် အေးဆေး တည်ငြိမ် တည့်မတ်စွာ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်သည့်သဘောပင်ဖြစ်ပါ၏။ 

           ကိုင်းအသင်စာရှုသူ အသင်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားခေါ်သည့် ဗြဟ္မစိုရ်တရားတို့၏ အဓိပ္ပါယ်ကို ယခုသိပေပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ် သုံးဆယ် (၃၀) လုံးကိုလည်း သိပြီ။ ထိုစာပိုဒ် (၃၀) လုံးသည် ဗြဟ္မစိုရ်တရားလေးပါးလောက် မကျယ်ပြန့် မလေးနက်ကြောင်းကိုလည်း အသင်နားလည်လေပြီ။ ထို့ပြင်ဤဗြဟ္မစိုရ်တရားများသည် နိုင်ငံနယ်နိမိတ် ကိုလည်းကျော်လွန်ကာ စကြာဝဠာအားလုံးသို့လည်းပြန်နှံ့ပါဝင်ကြောင်းကိုလည်း အသင်ရိပ်စားမိပေပြီ။  ကုလသမဂ္ဂတွင် ကမ္ဘာနှင့်ချီ၍ ကမ္ဘာသူကမ္ဘာသားများအတွက်ဟုဆိုကာဆွေးနွေးပြောဆိုနေကြသော လူ့အခွင့်အရေးပြဿနာများကို ဤဗြဟ္မစိုရ်လေးပါးဖြင့်အသက်သွင်းဖြေရှင်းလိုက်ပါက လုံးဝပြီးပြတ်ပြေငြိမ်းသွားမည်သာတည်း။ အမှန်စင်စစ် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော  ဤဗြဟ္မစိုရ်တရားများသည် စကြာဝဠာ၏ မည်သည့်ဥပဒေ မည်သည့်စည်ကမ်း နည်းလမ်းထက်မဆို သာလွန်မြင့်မြတ်လှ၏။ အမှန်စင်စစ် ဤဗြဟ္မစိုရ်တရားသည် Natural discipline, natural law which was discoveries which was formulated by the Buddha for all beings in the world ဟုဆိုရမည်ဖြစ်၏။  ဤဗြဟ္မစိုရ်တရားတို့ကိုသာ ကျင့်သုံးနိုင်ပါက လူ့အခွင့်အရေးပြဿနာသာမက အခြားမည်သည့်ပြဿနာမဆို ဖြေရှင်းနိုင်၏။ ငြိမ်းအေးနိုင်ပါ၏။ ကုလသမဂ္ဂစားပွဲဝိုင်းတွင်လည်းကောင်း လူမှုအဖွဲ့အစည်း အသီးသီးတွင်လည်းကောင်း မိသားစုတိုင်းတွင်လည်းကောင်း လူတစ်ဦးချင်းစီတွင်လည်းကောင်း ဤဗြဟ္မစိုရ်တရားများအသက်သွင်းပေးဘို့လိုအပ်ပါ၏။ ဤတရားများအသက်မဝင်သ၍ ဤကမ္ဘာသည်ဘယ်သောခါမျှ ပြဿနာငြိမ်းမည်မဟုတ်ပေ။ ဤတရားများ အသက်ဝင်လေလေ ဤကမ္ဘာကြီး ငြိမ်းအေးလေလေ၊ ဤတရားများ အသက်မဲ့လေလေ ဤကမ္ဘာကြီး ဆူပွက်လေလေသာဖြစ်နေမည်တည်း။ သို့ဖြစ်၍ ဤဗြဟ္မစိုရ်တရားများ အသက်ဝင်ကာ ဤကမ္ဘာကြီး အေးချမ်းပါစေဟု မေတ္တာဗြဟ္မစိုရ်အသက်သွင်းလိုက်ပါ၏။

 ပရိယတ္တိသာသနာ မကွယ်ပျောက်ပါမှ
ပဋိပတ္တိကျင့်ကြံသူများ လမ်းမှန်ကို ရှာဖွေနိုင်ပြီး
ပဋိဝေဓအငြိမ်းဓာတ်ကို ရရှိခံစားနိုင်ကြမှာ
ဖြစ်သောကြောင့်
အဖမြတ်စွာဘုရား၏
သာသနာတော်အဓွန့်ရှည်စွာ
တည်တံ့နိုင်ရေးအတွက် ပညာဒါန
ပညာပါရမီ ဖြည့်ဆည်းသောအားဖြင့်
ပိဋကတ်ကျမ်းစာအုပ်များ
လှူဒါန်းခြင်းဖြစ်ပါသည်၊
ကျွနုပ်တို့နှင့်တကွ မည်သူမဆို
ပညာပါရမီဖြည့်ဆည်းကာ ကုသိုလ်
ယူနိုင်ကြစေရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်..

                                

6 comments:

  1. သင်္ခါရ ဓမ္မလင်္ကာများ-
    သင်္ခါရ ဓမ္မလင်္ကာများ...
    ၁။ မြတ်စွာဘုရားနှင့် သိကြားဗြဟ္မာ၊ ပစ္စေကနှင့် အဂ္ဂသာဝကာ၊
    ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၂။ ကောင်းကင် မြေမိုး ပျံလျှိုးနိုင်စွာ၊ အသိဉာဏ်စွမ်း လျှမ်းလျှမ်းဖြာဖြာ၊
    ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၃။ စကြာမာရ်နတ် မင်းမြတ်ရာဇာ၊ ရေမြေပိုင်သ စိုးရဖြာဖြာ၊
    ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၄။ ရွှေ ငွေ ဘောဂ ပေါပြည့်လှစွာ၊ သူကြွယ်,သူဌေး ပဂေးများစွာ၊
    ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၅။ ဂုဏ်ရှိမရှိ များဘိလှစွာ၊ ရုပ်ရည်လှပ မလှလေရာ၊
    ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၆။ ဆွေမျိုးမိဘ များလှသူငါ၊ သမီး သားနှင့် မြေးများဖြာဖြာ၊
    ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၇။ မီးရထားနှင့် စီးသွားပုံပမာ၊ သေမင်းလက်တွင်း သက်ဆင်းရရှာ၊
    ဘဝပြောင်းလို့ အဟောင်းစွန့်ကာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၈။ အဟောတဝ လောကဘုံမှာ၊ တွေ့ဆုံကြုံကွဲ မလွဲနိုင်ရှာ၊
    မုချဒုက္ခ ရှုပ်စွသူငါ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    ၉။ ဆုံလိုက်ကြုံလိုက် ဘုံ၌ဖြစ်ခါ၊ မိဘ,သားသမီး အများကြီးဖြစ်လာ၊
    တစ်နေ့ကြတော့ ကွဲရလေရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

    အနတ္တလက္ခဏာ။

    ReplyDelete
  2. ဂုဏ်ရည်ထွန်းတောက် လူတစ်ယောက်

    ၁ * ဘုရားပွင့်ရာ၊ သာသနာ၊ ကြုံတာ ဘဝမြတ်
    ၂ * လမ်းညွှန်ပေးငြား၊ ပုဂ္ဂိုလ်များ၊ ကြုံငြား ဘဝမြတ်။
    ၃ * တရားရှိရာ၊ အရပ်မှာ၊ ဖြစ်တာ ဘဝမြတ်။
    ၄ * အင်္ဂါကြီးငယ်၊ ပြည့်စုံကြွယ၊် ခန့်ထယ် ဘဝမြတ်။
    ၅ * လိမ္မာသွက်လက်၊ လွန်ထက်မြက် မြင့်တက် ဘဝမြတ်။
    ၆ * ကုသိုလ်ဆန္ဒ၊ လွန်ပြင်းပြ၊ မြင့်လှ ဘဝမြတ်။
    * အကောင်း (၆)ဖြာ၊ ပြည့်စုံပါ၊ မြင့်တာ ဘဝမြတ်။
    * ဂုဏ်ရည်ထွန်းတောက်၊ လူတစ်ယောက် အံ့လောက် ချီးမွမ်းအပ်။
    * စိတ်ဓာတ်ကိုမြှင့်၊ လုပ်ပိုင်ခွင့်၊ လမ်းဖွင့် ကြိုးစားအပ်။
    အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်)

    ReplyDelete
  3. သတိထားစရာ မီဘ မေတ္တာများ....
    မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး”
    “မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး”

    ၁။ မိဘဆိုတာကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

    ၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

    ၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

    ၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

    ၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

    ၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

    ၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

    ၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

    ၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

    ၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

    ၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

    ၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။


    မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့ သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန် ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါ စာသားများ၏ အကျယ်ရှင်းလင်းချက်မှာ..


    ၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

    ၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

    ၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

    ၄။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

    ၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

    ၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

    ၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

    ၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

    ၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

    ၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

    ၁၁။သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

    ၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

    ReplyDelete

  4. ဆရာတော်ကြီးများ၏ဆုံးမသြဝါဒ (14)
    ဆရာတော်ကြီးများ၏ထေရုပတ္တိ (6)
    ဓမ္မရုပ်ပုံ (1)
    ဓမ္မလင်္ကာ (3)
    ဓမ္မသတင်းလွှာ (6)
    ဓမ္မအတွေး၊ဓမ္မအမေး (5)
    ဓမ္မဆောင်းပါးများ (8)
    သုတ္တန်ဒေသနာ (4)
    အဘိဓမ္မာဒေသနာ (1)
    Dhammapada (26)
    English Translation (3)

    ReplyDelete

  5. မိစ္ဆာဒိဌိ ၆၂ ပါးအကျဉ်း

    ၁။ သဿတဒိဋ္ဌိ = ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် ၅ မျိုးတို့တွင် တစ်ပါးပါး

    ကို အတ္တ ဟု၎င်း၊ လောက ဟု လည်းကောင်း ယူပြီး၊

    ထို အတ္တ နှင့် လောကကို မြဲ၏ဟု ယူခြင်း ၄ ပါး။



    ၂။ ဧကစ္စသဿတဒိဋ္ဌိ = အတ္တ နှင့် သင်္ခါရကို အချို့မြဲ၊ အချို့မမြဲ ဟု ယူခြင်း ၄ ပါး။



    ၃။ အန္တာနန္တဒိဋ္ဌိ = ပဋိဘာက နိမိတ်ကို စကြာဝဠာအဆုံးတိုင်အောင်

    မပွါးမူ၍ ထိုပဋိဘာဂ နိတ်မိတ်ကို “လောက” ဟုယူကာ၊

    လောက သည်အဆုံးရှိ၏ဟု ယူပြီး၊ ပဋိဘာကနိမိတ်ကို စကြ၀ဠာ

    အဆုံးတိုင်အောင် ပွါးများ၍ လောကသည်အဆုံးမရှိ ဟု ယူခြင်း ၄ ပါး၊



    ၄။ အမရာဝိက္ခေပဒိဋ္ဌိ = ဧ၀န္တိပိ မေ နော စသော နည်းဖြင့် အဆုံးအပိုင်းအခြား

    ကင်းသော အယူစကားဖြင့် ပစ်ချခြင်း၊ တနည်း “အမရာ”

    မည်သော ငါးသည် ငုပ်ခြင်းပေါ်ခြင်း အစွမ်းဖြင့် ရေ၌ပြေးသွား၍ ဖမ်းရန်မတတ်နိုင်

    သကဲ့သို့၊ ဤ အမရာဝိက္ခေပ၀ါဒသည်လည်း ထိုမှ ဤမှပြေးသွား၍ ဖမ်းယူရန်

    မလွယ်၍ “အမရာဝိက္ခေပ” ဟု ခေါ်သော အယူ ၄ ပါး။



    ၅။ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ = အကြောင်းကင်း၍ ဖြစ်၏ ဟု ယူသောအယူ ၄ ပါး၊



    ၆။ ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာရှိ၏ ဟု ယူသော

    အယူ ၁၆ ပါး၊



    ၇။ ဥဒ္ဓမာဃာတနအသညီဒိဌိ = သေသည်မှ အထက်၌ သညာမရှိ ဟု ယူသော

    အယူ ၈ ပါး။



    ၈။ ဥဒ္ဓမာဃာတန နေ၀သညီနာသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာ ရှိသည်

    လည်းမဟုတ်၊ သညာ မရှိသည်လည်း

    မဟုတ် ဟု ယူသော အယူ ၈ ပါး။



    ၉။ ဥစ္ဆေဒဒိဋ္ဌိ = သတ္တ၀ါသေလျှင် ပြတ်၏ ဟုယူသောအယူ ၇ ပါး။



    ၁၀။ ဒိဌဓမ္မနိဗ္ဗာနဒိဋ္ဌိ = မျက်မှောက် ဤ အတ္တဘော၌ပင် ဒုက္ခငြိမ်း၏ဟု

    ယူသော အယူ ၅ ပါး။



    စုစုပေါင်း မိစ္ဆာဒိဌိ ၆၂ ပါး ဖြစ်သည်။

    အရှင်ဝရသာမိ

    ReplyDelete
  6. စိတ်ပါပဲ

    အရေမလှ တွေးသမျှ ဆွေးရတာလဲ ဒီစိတ်ပဲ... တရားမ၀င် အများပင် မှားခြင်တာလဲ ဒီစိတ်ပဲ...
    နှလှုံးဘ၀င် မပြုံးရွှင် မုန်းခြင်တာလဲ ဒီစိတ်ပဲ... အပြစ်မမြင် အနှစ်ထင် ချစ်ခင်တာလဲ ဒီစိတ်ပဲ...
    ကာမဂုဏ်တွင် အာရုံဝင် ပျော်ရွှင်တာလည်း ဒီစိတ်ပဲ... အကန်းအသွင် အရမ်းနှင် ကြမ်းခြင်တာလည်း ဒီစိတ်ပဲ... ချစ်စရာကောင်း မုန်းဖို့ကောင်း ပြောင်းနေတာလည်း ဒီစိတ်ပဲ... အပြင်း အဖြင်း လူသခင်နှခြင်တာလည်း ဒီစိတ်ပဲ... သတိဥာဏ်ရှင် သံပဇဉ် သိမြင်တာလည်း ဒီစိတ်ပဲ... ဒါန သီလ သမထ ပြုကြတာလည်း ဒီစိတ်ပဲ... သာသနာ့ကို မကြည်ညို တွန်းထိုးတာလည်း ဒီစိတ်ပဲ... အနေမကြ အချေမကျ သေရတာလည်း ဒီစိတ်ပဲ... ဘာဝနာ ရုပ် နာမ်
    အမြင်သန် ကျင့်ကြံတာလည်း ဒီစိတ်ပဲ...တစ်မဂ် တစ်ဗိုလ် ရက်တိုတို ရောက်ခြင်တာလည်း ဒီစိတ်ပဲ...

    ReplyDelete