အနှိုင်းမဲ့အဖြည့်ခံယသောဓရာ ( ၅ )
မဒ္ဒီမိဖုရားဟာ
သားလေးနဲ့ သမီးလေးရဲ့ ပျော်ရွှင်စွာဆော့ကစားနေကြတဲ့
ကြည်နူးဘွယ်မြင်ကွင်းလေးကို မမြင်ရတဲ့အချိန်မှာ မိခင်တစ်ယောက်အနေနဲ့
အလွန်တရာပဲ ပူပန်မိပါတော့တယ်။ ဒါနဲ့ မောင်တော် ဝေဿန္တရာကိုလဲ
တရားကျင့်တာပျက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် မမေးမိဘဲ သားလေးနဲ့ သမီးလေးရဲ့
နာမည်ကို တကြော်ကြော်အော်ခေါ်ကာ တောကြီးမျက်မည်းထဲမှာ တစ်ကိုယ်တည်း
ရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။ ရှာပုံတော်ခရီးကို တစ်ညလုံးလုံး
မနေမနားကြိုးစားခဲ့ရသော်လည်း သားလေးနဲ့ သမီးလေးရဲ့ အရိပ်အယောင်ကိုမျှ
မတွေ့မိ မကြားမိပါဘူး။ ဒါနဲ့ သူမတို့မိသားစု့ နေထိုင်ရာ
ကျောင်းသင်္ခန်းလေးဆီကို နံနက်လင်းအားကြီးမှာ ပြန်လာခဲ့တော့တယ်။ ဒီအခါမှာ
မဒ္ဒီမိဖုရားရဲ့ ရင်ထဲမှာ ပူလောင်မှုကလွဲလို့ ဘာခံစားချက်ကိုမျှ
မသိတော့ပါဘူး။ ခေါင်းထဲမှာလဲ မူးဝေနောက်ကျိတာကလွဲလို့ ဘာမှတ်သိစိတ်မှ
ကောင်းကောင်းမရှိတော့ပါဘူး။ တစ်နေကုန် တစ်နေခန်း မောကြီးပန်းကြီးနဲ့
သစ်သီးကြီးငယ် သစ်ဥသစ်ဖုတို့ကို ရှာခဲ့ရပီးပီ။ နောက်ပီးတော့ တစ်ညလုံးလုံး
မစားနိုင် မအိပ်နိုင်ဘဲ သားနဲ့သမီးကို ရှာပုံတော်ဖွင့်ခဲ့ရပီးပီ။ ဒီတော့
ရင်မှာလဲပူ ခေါင်းမှာလဲဝေ ကိုယ်မှာလဲနွမ်းလျနေတဲ့ မဒ္ဒီဟာ
မထိန်းနိုင်တော့ဘဲ ဝေဿန္တရာရဲ့ အနီးမှာ မေ့မျောလဲကျသွားပါတော့တယ်။
ဒါနဲ့ ဝေဿန္တရာဟာ မဒ္ဒီမိဖုရားရဲ့ ရင်ကိုစမ်းကြည့်တော့ အပူငွေ့ရှိသေးတာကြောင့် အသက်ရှိသေးတယ်ဆိုတာသိရလို့ အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းများနဲ့ပြုစု ကုစားပေးလိုက်တဲ့အခါ မဒ္ဒီမိဖုရားဟာ သတိပြန်ရလာပါတော့တယ်။ ဒီအခါမှာ မဒ္ဒီက သားနဲ့သမီးအကြောင်းကို မေးတော့ ဝေဿန္တရာက စိတ်အေးအေးထားပီးနားထောင်ဘို့နဲ့ ပါရမီကုသိုလ်အတွက်အရေးကြီးကြောင်းကို နားချပီးတော့မှ ဇူဇကာပုဏ္ဏားကို လှုလိုက်ပြီဖြစ်ကြောင်း ပြောလိုက်တော့တယ်။ မဒ္ဒီရဲ့ ရင်ထဲမှာ သားနဲ့သမီးအတွက် ပူလောင်လှပါတယ်။ သို့သော် တပြိုင်နက်ထဲမှာပဲ မောင်တော်ရဲ့ လောကကို ကယ်တင်ရေး ဘုရားဖြစ်ရေး ပါရမီပြည့်ဘို့အတွက် ဖြည့်ပေးရတာကို ကျေနပ်မိတယ်။ ဝမ်းထဲမှာ ဘာအစားအစာမှမရှိဘဲ တစ်နေကုန် တစ်ညလုံး အစာရှာထွက်ပီး သားနဲ့သမီးအတွက် မောပန်းခဲ့ရသော်လည်း မောင်တော်ရဲ့မြင့်မြတ်လှတဲ့ အဂ္ဂဗျူဟာရည်မှန်းချက်အတွက်မို့ ဖြေသိမ့်နိုင်ပါတယ်။ မိသားစုဘဝရဲ့ အေးချမ်းတဲ့ သာယာကျေနပ်မှုတွေကို လိုချင်သော်လည်း မောင်တော်ရဲ့ လောကသာယာဝပြောရေးလုပ်ငန်းစဉ်အတွက်မို့ အံကြိတ်ပီး ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရတယ်။ လောကအတွက် သူမရဲ့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝကို စတေးရတယ်။ ဒီကိစ္စအတွက် သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့ဖြစ်စေ၊ သားသမီးကို ချစ်တဲ့ မိခင်ကောင်းတစ်ယောက်အနေနဲ့ဖြစ်စေ ဝေဿန္တရာကို စူးရှတဲ့အကြည့် မာကျောတဲ့စကား ပြင်းထန်တဲ့ စကားလုံး မကျေတဲ့ ရန်ငြိုးတွေနဲ့ ချက်ချင်းတုန့်ပြန်မိတော့မှာပါ။ တကယ်တော့ မဒ္ဒီဟာ သားနဲ့သမီးကိုလဲ ချစ်တယ်။ မောင်တော် ဝေဿန္တရာကိုလဲ ချစ်တယ်။ လောကကိုလဲ ချစ်တယ်။ ဒီအချစ်တွေထဲမှာ လောကကြီးအတွက် နှလုံးသားကိုစတေးပီး ဦးနှောက်ကို ဥိးစားပေးခဲ့တယ်။ ခံစားချက်ထက် အသိဥာဏ်ကို မြှင့်တင်ခဲ့တယ်။ ဒါ့အပြင် သူမရဲ့အချစ်ဟာ မိသားစုတစ်ခုတည်းအတွက် ကွက်ကွက်လေးမျှ ချစ်တာဟုတ်ဘဲ လောကကို ပိုလို့အလေးပေးသူဖြစ်ကြောင်း လက်တွေ့ပြခဲ့တာပါပဲ။ ဒီလိုစံနမူနာကောင်းတွေပြသနိုင်ဘို့ဆိုတာ တစ်ခေတ်မှတစ်ခါပေါ်ပေါက်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာမှ တစ်ခါပေါ်တာလဲမဟုတ်ပါဘူး။ သုံးဆယ့်တစ်ဘုံဆိုတဲ့ စကြာဝဠာကို ကယ်တင်ရေးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူကြတဲ့ ဘုရားအလောင်းတော်တွေရရဲ့ ပါရမီဖြည့်ဖက် ဖြစ်ပါမှသာ ပေါ်ပေါက်တတ်တာပါ။ ဒီနေရာမှာ ချစ်သူစုံတွဲများကို အသိပေးချင်တာက မိမိချစ်သူကို သာမန်အိမ်ထောက်ဖက်လောက်မျှသာ သဘောမထားဘဲ ပါရမီဖြည့်ဖက်အနေဖြင့် အပြန်အလှန် ချစ်ကြပါလို့ မှာချင်ပါတယ်။
မဒ္ဒီဟာ သာမန်အမျိုးသမီးမဟုတ်တဲ့အတွက်ကြောင့် သာမန်တုန့်ပြန်မှုတွေနဲ့ မတုန့်ပြန်ခဲ့ဘူး။ မြင့်မြတ်လှတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်တာမို့ ဘဝရဲ့အရာရာအတွက် ဘာကိုမှ ဘယ်လိုဆုကိုမှ မပန်ဆင်ဘဲ အဖြည့်ခံသက်သက်နဲ့ လောကကြီးအတွက် မောင်တော်နဲ့အတူ ဖြည့်ဆည်းရင်း ဘဝခရီးကို ဆက်ခဲ့တယ်။ ဒီလိုဘဝမျိုးတွေ ဒီလိုဖြစ်ရပ်တွေဟာ ဘဝအကြိမ်ကြိမ် တွေ့ကြုံခံစားခဲ့ဖူးပါပီ။ သို့သော် မောင်တော်ကို စိတ်မနာရက်ဘူး။ မပစ်ရက်ဘူး။ ဘယ်ပစ်ရက်ပါ့မလဲလေ။ လောကအတွက် ကရုဏာကြီးမားလှတဲ့ မဟာကရုဏာရှင်မောင်တော်၊ လောကကောင်းကျိုးသယ်ပိုးရေးအတွက် ဘယ်တော့မှ သစ္စာမဖောက်ဖျက်ခဲ့တဲ့ မောင်တော်၊ လောကကိုကယ်တင်ရေးအတွက် ဘယ်လိုအကြောင်းကြောင်းနဲ့မှ မူလရည်မှန်းချက်ကို မပြောင်းလဲဘဲ စိတ်ဓါတ်တည်ကြည်ခိုင်မှာလှတဲ့ မောင်တော်၊ လောကရဲ့ ချစ်တဲ့သူတွေကိုမဆိုထားနဲ့ ရန်သူကိုတောင် သီးခံနားလည်ပေးနိုင်တဲ့ စိတ်စွမ်းအားကြီးမားလှတဲ့မောင်တော်၊ ဘဝရဲ့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် သူမဘဝရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝဖြည့်စွမ်းပေးနိုင်တဲ့မောင်တော်၊ သူမအပေါ်မှာ ဘယ်လိုအစွန်းအထင်းလေးမျှ မစွန်းထင်းရလေအောင် ခိုင်မာတဲ့ကိုယ်ကျင့်တရားနဲ့ ချစ်တတ်တဲ့မောင်တော်၊ အို မောင်ရှိတဲ့ မဘဝဟာ အရာရာပြည့်စုံနေသလို ခံစားမှုကို ပေးနိုင်တဲ့ မောင်တော်ကို မဒ္ဒီမိဖုရား မပစ်နိုင်ပါဘူး။ အပြစ်မတင်ရက်ဘူး။ မောင်တော်ကို အကြောင်းပြုပြီးမှ သူမလဲ စိတ်ဓါတ်တွေ ကိုယ်ကျင့်တွေ သတ္တိတွေ ဥာဏ်ပညာတွေ တစ်ဘဝပီး တစ်ဘဝတိုးတက် ရင့်ကျက်လာခဲ့ရသူမို့ မောင့်လိုပဲ အရာရာကို တည်ငြိမ်အောင် ခံစားနိုင် ရင်ဆိုင်နိုင်နေပါပီ။
မဒ္ဒီက မပစ်နိုင်မခွါရက် ချစ်ပေမယ့် ဝေဿန္တရာက မဒ္ဒီကို စွန့်လွှတ်ဘို့အရေး ထပ်မံတွေ့ကြုံရပြန်ပါတယ်။ အဲဒါကတော့ သားနဲ့သမီးကို လှုပီးလို့ မကြာခင်သောတစ်နေ့မှာ သိကြားမင်းဟာ ပုဏ္ဏားယောင်ဆောင်ပီး မဒ္ဒီမိဖုရားကို အလှုခံပါတော့တယ်။ ဝေဿန္တာရာဟာ သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးအတွက် တုန်လှုပ်ခြင်း တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ မဒ္ဒီကိုလှုလိုက်ပြန်ပါတော့တယ်။ ဒီတစ်ကြိမ်မှာလဲ မဒ္ဒီကြေကွဲရပြန်ပါပီ။ သို့သော် မနာကျင်ပါဘူး။ ဆို့နင့်ပူလောင်ပါတယ်။ သို့သော် တည်ငြိမ်အောင် ဖြေသိမ့်နိုင်ပါတယ်။ သူမကိုစွန့်လှုပစ်ရက်တယ်။ သို့သော် မုန်းလို့ရက်စက်တာမှမဟုတ်ဘဲလေ။ မောင်တော်ရဲ့ နူးညံ့သိမ်မွေ့လှတဲ နှလုံးသားရယ် ခိုင်မာတဲ့ ကိုယ်ကျင့်တရားရယ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရယ် လောကအတွက် ကြီးမားမြင့်မြတ်လှတဲ့ မေတ္တာတရားရယ် ဒါတွေ ဒါတွေကို သူမ နားလည်ထားသူမို့ မောင်တော်ကို မြူတစ်မှုန်လောက်မျှ အပြစ်တော်မတင်ရက်ပါဘူး။ ခွင့်လွှတ်နားလည်တဲ့ စိတ်နဲ့ပဲ ဆက်လက်ပီး ပါရမီဖြည့်ရင်း ချစ်နေမှာပါ မောင်တော် လို့စိတ်ထဲက ရေရွတ်ရင်း မောင်တော်ရဲ့ အလှုတော်ဆုံးဖြတ်ချက်ကိုလက်ခံခဲ့တယ်။ မဒ္ဒီကိုလှုလို့အပီးမှာ သိကြားမင်းက သူဟာ ပုဏ္ဏားမဟုတ်ဘဲ သိကြားမင်းဖြစ်ကြောင်းဖွင့်ပြောလိုက်တဲ့အတွက် ဝေဿန္တရာနဲ့ မဒ္ဒီဟာ ပြန်လည်ပေါင်းထုတ်တဲ့ ပါရမီခရီးကို ဆက်နိုင်ခဲ့ပြန်ပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ အဆုံးသတ်ပါမယ်။ မဒ္ဒီမိဖုရားရဲ့ အမျိုးသမီးတိုင်း စံနမူနာယူလောက်တဲ့ မိမိချစ်သူရဲ့အပေါ်ထားရှိတဲ့သဘောထား ကြီးမြတ်ပုံကို တင်ပြချင်တာလောက်ပဲမို့ပါ။ တစ်ခါ ဝေဿန္တရာရဲ့ လောကအပေါ်ထားရှိတဲ့ မဟာကရုဏာစိတ်ကြောင့် ပါရမီဖြည့်ရင်း မိသားစုဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စတဲ့ ဘဝရဲ့ အရာရာကို စွန့်လွှတ်အနစ်နာခံခဲ့ရပုံကိုသိစေချင်တာလောက်မို့ ဇာတ်လမ်းမဆုံးသေးသော်လည်း ရပ်တန့်လိုက်ပါတယ်။ ( ဆက်လက်ဖေါ်ပြမယ် )

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၄ )
အရင်တစ်ပတ်တင်ခဲ့တဲ့ ပို့စ်မှာ သုမိတ္တာဆိုတဲ့
ယသောဓရာအလောင်းလျာမလေးရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကား
ကြီးမားပြတ်သားမှုကြောင့် ဗုဒ္ဓဝါဒပေါ်ထွန်းခဲ့တဲ့အထိ
ကူညီပံ့ပိုးဖြည့်ဆည်းနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်တော့ သူမရဲ့
အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြီးမားပုံကို ဝေဿန္တရာဇာတ်တော်ကို အခြေခံပြီး
တွေးတောနိုင်သလောက် သုံးသပ်တင်ပြမှာပါ။ ဇာတ်တော်အကြောင်းကို အကျဉ်းချုပ်
ပြန်လည်တင်ပြရင်း သုံးသပ်သွားမှာပါ။ ဒီဇာတ်တော်မှာ တိုင်းပြည်က
နှင်ထုတ်လို့ ဝေဿန္တရာဟာ တိုင်းပြည်ကနေ ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကို
ထွက်ခွါရတယ်။ ထွက်ခွါခါနီးမှာ ဝေဿန္တရာက ပါရမီဖြည့်ဖက်ဖြစ်တဲ့
မဒ္ဒီမိဖုရားကို မှာတယ်။ ချစ်နှမ ငါကိုယ်တော်မြတ်ကတော့
တိုင်းပြည်ကနေထွက်ရတော့မယ်။ ဒီလိုထွက်ခွါရတဲ့အခါမှာ ချစ်နှမအနေနဲ့
မိဘတွေရှိရာ ကိုယ့်တိုင်းပြည်ကို ( ဒေဝဒဟ ) ပြန်ချင်လဲပြန်ပါ။
တိုင်းပြည်ပြန်ရောက်လို့ နောက်အိမ်ထောင်ပြုမယ်ဆိုလဲ ပြုပါ။ ဒီအရာတွေအတွက်
အားလုံးကို နားလည်ခွင့်လွှတ်ပါတယ်။ သားလေး ဇာလီနဲ့ သမီးလေး
ကဏှာဇိန်တို့ကိုလဲ လောကအလယ် မျက်နှာမငယ်ရအောင်
ပြုစုထိန်းသိမ်းစောင့်ရှောက်နေရစ်ပါတော့လို့ မှာရှာတယ်။ ဝေဿန္တရာမင်းဟာ
မဒ္ဒီမိဖုရားကို ပစ်ထားရက်တဲ့စိတ်နဲ့ ဒီစကားတွေကို ပြောနေတာမဟုတ်ပါဘူး။
မဒ္ဒီမိဖုရားဟာ အလွန်ချစ်ခင်လေးစားထိုက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့အတွက်
ချစ်စိတ် လေးစားစိတ်တွေနဲ့ နေရစ်ခဲ့ဘို့ မှာတမ်းချွေနေတာပါ။ ဝေဿန္တရာရဲ့
စိတ်ထဲမှာ ဘယ်နေ့ ဘယ်အချိန် ဘယ်သောခါမှ တိုင်းပြည်ကို
ပြန်ရောက်မယ်ဆိုတာလဲမသိ၊ ပြန်ရောက်ချင်လဲ ရောက်နိုင်သလို ပြန်မရောက်တော့ဘဲ
တစ်သက်လုံး ဝင်္ကဘာတောင်တန်းမှာပဲ နေရကောင်း နေရနိုင်တာကိုး။
ဒီလိုမှာတမ်းချွေတော့ မဒ္ဒီမိဖုရားက ပြန်ပြောတယ်။ မောင်တော် ဝေဿန္တရာ၊
မောင်တော်မရှိတဲ့ လောကရဲ့ ဘယ်နေရာမှာမှ တစ်ယောက်ထည်းခွဲမနေပါဘူးတဲ့။
နှမတော်ရဲ့ တိုင်းပြည်ကိုလဲ မပြန်ဘူး။ မောင်တော်ရဲ့ နန်းတော်ထဲမှာလဲ
တစ်ယောက်ထဲ ကျန်မနေခဲ့ချင်ပါဘူး။ မောင်တော် ရှိရာအရပ်မှာပဲ မခွဲမခွာ
လက်တွဲသွားမှာပါ။ ဝင်္ကဘာဆိုတဲ့ တောနက်ကြီးထဲမှာ သားရဲ တိရစ္ဆာန်တွေ
ဘယ်လောက်ဆိုးသွမ်းကြမ်းတမ်းပါစေ မောင်တော်နောက်ကို နှမတော်လိုက်မယ်။
လျှိုမြောင် ချောက်ကမ်းပါးတွေ ဘယ်လောက်ပဲ ထူထပ်လို့ နက်ရှိုင်းနေပါစေ
မောင်တော်နဲ့ မခွဲဘူး လို့ ပြောပြတော့ ဝေဿန္တရာကလက်ခံတယ်။ ဒါနဲ့ သားလေးရယ်
သမီးလေးရယ် နှစ်ယောက်လုံးကိုခေါ်ပီးတော့ စုစုပေါင်း မိသားစုလေးယောက်
ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကိုရောက်ကြတယ်။ ရောက်တော့ ဝင်္ကဘာတောင်တန်းမှာ
အေးအေးချမ်းချမ်းနေထိုင်ကြတယ်။ ဝေဿန္တရာက တရားကျင့်တယ်။ မဒ္ဒီမိဖုရားက
မိသားစု လေးယောက်ရဲ့ အစားအစာအတွက် သစ်ဥ သစ်ဖု အရှာထွက်ရတယ်။ နေကုန်နေခန်း
တောကြီးမျက်မဲထဲမှာ ပင်ပင်ပန်းပန်း နေ့စဉ်နဲ့အမျှ အစာရှာထွက်ရသော်လည်း
မဒ္ဒီမိဖုရား ပျော်ပါတယ်။ ကျေနပ်တယ်။ ဒီနေရာမှာ သတိပြုမိတာက သူမဟာ
ဝေဿန္တရာကို တဏှာပေမသက်သက်နဲ့ အရူးအမူး ချစ်နေရုံသက်သက်မျှကြောင့်မဟုတ်ဘဲ၊
ဝေဿန္တရာရဲ့ ဘုရားဖြစ်ရေး လောကကို ကယ်တင်ရေးဆိုတဲ့ လမ်းစဉ်ကို
မြတ်နိုးလွန်းလို့ လေးစားလွန်းလို့ ကြည်ညိုလွန်းလို့ သူမရဲ့
ချမ်းသာမှုတွေကို စွန့်လွှတ်ပီး တောကြီးမျက်ထဲအရောက်လိုက်လံဖြည့်ဆည်းပေးတာပါ။
တကယ်လို့သာ သူမဟာ ဝေဿန္တရာအပေါ်မှာ လေးစားကြည်ညို တန်ဘိုးထားမှုတွေမပါဘဲ
တဏှာပေမသက်သက်အတွက်နဲ့သာချစ်ခဲ့တာဆိုရင် မဒ္ဒီဟာ ဒီလောက်ထိဘဝကို ရင်းရဲ
ရင်းနိုင်မှာ မဟုတ်ပါဘူး။ အဆင်းရဲခံနိုင်မှာမဟုတ်ပါဘူး။ တကယ်လို့
တဏှာပေမသက်သက်ကို အခြေခံပီး ရင်းရဲ ရင်းနိုင်စေအုံးတော့၊ ရေရှည်မှာ
ဒီလောက်အထိ ကျေနပ်စွာ ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး။ ခုတော့ အရာရာဟာ
လောကအတွက်ပဲ ဖြစ်စေရမယ် ဆိုတဲ့ မြင့်မြတ်လှတဲ့ သံဓိဋ္ဌာန်နဲ့
ဗျူဟာအဆင့်ဆင့်ချမှတ်ပြီး ကြိုးစားနေတဲ့ မောင်တော် ဝေဿန္တရာကို ချစ်မေတ္တာရော
လေးစားကြည်ညိုစိတ်ပါ အားကြီးမိသူမို့ ဒီလောက်အထိ ဖြည့်ဆည်းပေးနိုင်တာပါ။
သူမရဲ့ ဝေဿန္တရာအပေါ်ထားရှိတဲ့ အချစ်စိတ် မေတ္တာစိတ် လေးစားစိတ်တွေဟာ
ပါရမီဖြည့်ရာမှာ အလွန်ထိရောက်တဲ့ စွမ်းအင်တွေပါပဲ။ ဒါကြောင့်လဲ သူမက
မောင်တော်ရဲ့ လောကတ္ထစရိယဆိုတဲ့ လောကကောင်းကျိုးသယ်ပိုးရေး ခရီးလမ်းမှာ
မငြီးမငြူ ကူညီဖြည့်ဆည်းရင်း ကျေနပ်နေသူရယ်ပါ။ သို့်သော်လဲ ဒီကျေနပ်
ပီတီဖြစ်ရတဲ့ အခြေအနေဟာ အမှတ်မထင်
ပျောက်ကွယ်ပျက်ဆီးဘို့အကြောင်းဖန်လာတော့တယ်။ တစ်နေ့မှာတော့ မဒ္ဒီမိဖုရား
အစားအစာအတွက် သစ်ဥ သစ်ဖုအရှာထွက်နေတုန်း ဇူဇကာပုဏ္ဏားဟာ သားနဲ့သမီးကိုလာပီး
အလှုခံပါတော့တယ်။ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုရည်မှန်းတောင့်တပြီးတော့
အလွန်ချစ်ရတဲ့ သားလေးနဲ့ သမီးလေးကို ဝေဿန္တရာဟာ လှုလိုက်ပါတော့တယ်။
ညနေချမ်းရောက်တော့ မိသားစုအတွက် သစ်ဥ သစ်ဖုတွေ မိသားစုအတွက်
အားပါးတရသယ်ဆောင်လာခဲ့တဲ့ ယသောဓရာဟာ မြင်နေကျမြင်ကွင်းလေး မမြင်ရတော့ ရင်ထဲ
နှလုံးထဲမှာ အလွန်ပဲ စိုးထိတ်မိခဲ့ပါတော့တယ်။ အဲဒီမြင်ကွင်းလေးကတော့
သူမကို အမောပြေစေတဲ့ သူမရဲ့ သားလေးနဲ့ သမီးလေးတို့ရဲ့ ပျော်ရွှင်စွာ
ဆော့ကစားနေကြတဲ့ မြင်ကွင်းလေးပါပဲ။ ( ဆက်လက်တင်ပြပါမည်။ )
You might also like:
Saturday, December 8, 2012
အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၃ )
ယသောဓရာဟာ လောကသားတွေအားလုံးအတွက် အဂ္ဂဗျူဟာ သဘောတရားအရ
သုမေဓာရှင်ရသေ့နဲ့အတူ ဘဝရဲ့အရာရာကို စွန့်လွှတ်အနစ်နာခံ
ကြိုးစားတော့မည်ဖြစ်ကြောင်း ဆုံဖြတ်ခဲ့တာကို
စာဖတ်သူများသိခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အရာရာကို စွန့်လွှတ်မှု အကြောင်း
မပြောခင် အဂ္ဂဗျူဟာအထိ မျှော်မှန်းနိုင်တဲ့ ဆုံးဖြတ်ရဲတဲ့ အမျိုးသမီးငယ်လေး
သုမိတ္တာရဲ့ အသိဥာဏ်အဆင့်အတန်းနဲ့ သတ္တိကို ပြောပြချင်ပါတယ်။ လောကရဲ့
နိုင်ငံရေး စီးပွါးရေး လူမှုရေး စစ်ရေးစတဲ့ အရေးအရာတွေကို အောင်မြင်အောင်
ဆောင်ရွက်ကြိုးပမ်းကြရတဲ့အခါမှာ ဗျူဟာ အဆင့်ဆင့် သတ်မှတ်ပြီး
ဆောင်ရွက်ကြရတယ်ဆိုတာ ဗဟုသုတရှိသူတိုင်း
နားလည်သဘောပေါက်ကြပြီးသားပဲဖြစ်ပါတယ်။ ဗျူဟာနဲ့ပတ်သက်လို့ မိမိနားလည်သလောက်
အကျဉ်းချုပ်ပြောရမယ်ဆိုရင် ၁။ နည်းဗျူဟာ၊ ၂ ။ မဟာဗျူဟာ နဲ့ ၃ ။
အဂ္ဂဗျူဟာတို့ပဲ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးအနက်က အဂ္ဂဗျူဟာဆိုတာ ဘယ်တော့မှ
အောက်တန်းကို နိမ့်ကျခြင်း လျှောကျခြင်း မဖြစ်နိုင်တော့တဲ့ ထာဝရ တည်ငြိမ်
အေးချမ်းစွာ ရပ်တည်ရင်း အဆုံးစွန် မြင့်မြတ်သော အခြေအနေကို ရောက်ရှိသွားရေး
ရည်မှန်းချက်တစ်ခုပါပဲ။ မဟာဗျူဟာဆိုတာကတော့ ရေရှည်အောင်ပွဲရဘို့အတွက်
နောင်ဘယ်နှစ်ဘယ်ကာလမှာ အောင်မြင်မှုအတိုင်းအတာ
ဘယ်လောက်အထိရောက်ရှိရမယ်ဆိုတဲ့ ရေရှည်မျှော်မှန်းချက်ဖြစ်ပါတယ်။
နည်းဗျူဟာဆိုတာကတော့ အဲဒီ အဂ္ဂဗျူဟာတွေ မဟာဗျူဟာတွေ အောင်မြင်ရေးအတွက်
ချမှတ်ကျင့်သုံးကြရတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နည်းစံနစ်တွေ၊
စည်းကမ်းဥပဒေတွေပဲ ဖြစ်ပါတယ်။ ဒီရှင်းပြချက်ဟာ မိမိနားလည်သလောက်
နားလည်ထားသလို ရှင်းပြလိုက်တာပါ။ ယသောဓရာအကြောင်းပြန်ဆက်ပါမယ်။ ယသောဓရာဟာ
ခုပြောပြခဲ့တဲ့ ဗျူဟာသုံးမျိုးလုံးကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင်
ဘုရားအလောင်းတော်နဲ့လက်တွဲပြီး မလျှော့တမ်း နောက်မဆုတ်တမ်း မနေမနား
ကြိုးစားဆောင်ရွက်ခဲ့သူရယ်ပါ။ ဗုဒ္ဓဝါဒရှုထောင့်အရ ဒီဗျူဟာသုံးမျိုးကို
ဆီလျော်အောင် နှိုင်းယှဉ်သုံးသပ်ပြရမယ်ဆိုရင် ၁။ အဂ္ဂဗျူဟာဆိုတာ လူမျိုးမရွေး
ဘာသာမရွေး နိုင်ငံမရွေး ဆင်းရဲချမ်းသာ အလွှာမရွေး ဘုံဗိမာန်မရွေး
သတ္တဝါမှန်သမျှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရောက်ရှိရေးပါပဲ။ ၂။
မဟာဗျူဟာဆိုတာကတော့ သတ္တဝါမှန်သမျှ သံသရာတစ်လျှောက်လုံးမှာ အထက်တန်းကျ
မျက်နှာပန်းလှလှဖြင့် ကျင်လည်နိုင်ရေး၊ လူဖြစ်ရင်လဲ အထက်တန်းလွှာ
လူတန်းစားများအဖြစ် တစ်ပြေးညီ နေထိုင်ဆက်ဆံပေါင်းသင်းနိုင်ရေး၊ ဒီထက်
နတ်ဘုံဆိုတဲ့ အထက်တန်းကျတဲ့ စည်းစိမ်တွေပြည့်ဝလှတဲ့
ကောင်းကင်ဘုံကိုရောက်ရှိရေး၊ ဗြဟ္မာဘုံဆိုတဲ့ ကောင်းကင်ဘုံမှာ
ဈန်စည်းစိမ်တွေနဲ့ ကမ္ဘာများစွာ အေးချမ်းမှုကို
ခံစားနိုင်ရေးတို့ပဲဖြစ်ပါတယ်။ ၃။ နည်းဗျူဟာဆိုတာကတော့ အထက်ပါ ရည်မှန်းချက်
နှစ်ခုစလုံး အောင်မြင်ရေးအတွက် လက်တွေ့ချမှတ်ကျင့်သုံးရတဲ့ ဒါန သီလ ဘာဝနာ
တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့အတွက်တော့
ပါရမီဆယ်ပါးဟာ နည်းဗျူဟာတွေပါပဲ။ ဒီပါရမီဆယ်ပါးဆိုတဲ့ နည်းဗျူဟာတွေကို
တစ်ဘဝတည်းလည်းမဟုတ်၊ တစ်ကမ္ဘာလဲ မက၊ ကမ္ဘာတစ်ထောင်ထက်လဲ ကျော်လွန်တဲ့
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ကြိုးစားရုန်းကန်ဖြည့်ဆည်းခဲ့ကြရပါတယ်။
လောကသားတွေအတွက် ဒီလောက်အထိ အနစ်နာခံပြီး ဆောင်ရွက်ခဲ့တဲ့
အမျိုးသမီးခေါင်းဆောင်ရယ်လို့ ပိဋကတ်စာပေကလွဲရင် ဘယ်သမိုင်းထဲမှာမှ
ဘယ်စာပေထဲမှာမှ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒဆိုတာဟာ
လောကသားတွေရဲ့ကောင်းကျိုးတွေအတွက် အဲဒီလို ဗျူဟာတွေချမှတ် လုပ်ဆောင်
ဖြည့်ကျင့်ပြီးမှ ပေါ်ပေါက်လာရတဲ့ ဘာသာတရားမျိုးပါ။ ဥံဖွ ဖြစ်စေ
တည်စေဆိုပြီး မန်းမှုတ်လို့ဖြစ်တည်လာခဲ့တာမဟုတ်သလို တန်ခိုးရှင်ဆိုတဲ့
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဖန်ဆင်းမှုကြောင့်ဖြစ်ပေါ်လာတာလဲမဟုတ်ပါဘူး။ ဒီတော့
ယသောဓရာဟာ ဒီလိုဗျူဟာတွေကို ချမှတ်ပြီး ဘဝဆက်တိုင်းကျင့်သုံးခဲ့တာဟာ
သူမအတွက် သက်သက်လုံးဝမဟုတ်ဘဲ လောကသားတွေအတွက်ကိုသာ အဓိကအားဖြင့်
ရည်းစူးဖြည့်ကျင့်ခဲ့သူဆိုတာ ထင်ရှားလှပါတယ်။ တကယ်လို့သာ သုမိတ္တာဆိုတဲ့
အမျိုးသမီးငယ်လေးဘဝမှာ အသိဥာဏ် အဆင့်အတန်းနိမ့်နေခဲ့ရင်၊
အသိဥာဏ်ရှိအုံးတော့ သတ္တိနည်းနေခဲ့ရင် လောကသားတွေအတွက် ဒီလို ဗျူဟာတွေကို
ချမှတ်ကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ သုမေဓာဆိုတဲ့ ရသေ့လေးရဲ့ ဘုရားဖြစ်ရေး
ဗျူဟာတွေကို သူမ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ခုတော့ သူမရဲ့
အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြောင့် ဗုဒ္ဓဝါဒ ပေါ်ထွန်းခဲ့တဲ့အထိ
သတ္တဝါအများကျွတ်တန်းဝင်ကြရတဲ့အထိ ကောင်းကျိုးတွေ ဝေဖြာခဲ့ရတယ်။ ဒါနဲ့
ပတ်သက်လို့ ပိုပီးထင်ရှုားအောင် ဆက်လက်တင်ပြချင်ပါတယ်။
You might also like:
No comments:
Post a Comment