Tuesday, December 4, 2012

ကျေးဇူးကို မမေ့သင့်ပါ

မိဘတို့ကို ပြုစုအပ်ကုန်၏-

အရှေ့အရပ်မည်သော
မိဘ တို့ကို ပြုစုအပ်ကုန်၏။

၁။ မိဘတို့ကို ပြန်၍ မွေးမြူ စောင့်ရှောက်ခြင်း။
၂။ မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊
၃။ အစဉ်အဆက်မှ လာသော ကုသိုလ်ကို ပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း၊
၎။ အမွေခံထိုက်အောင် မိဘတို့၏ မှန်သောအဆုံးအမကို ကျင့်ကြံ လိုက်နာခြင်း၊
၅။ ကွဲကွာ သေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေး အမျှဝေခြင်း။

အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။

၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်စေကုန်၏။
၃။ အတတ်ကို သင်စေကုန်၏။
၎။ လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။
၅။ လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။

အရှေ့အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။

ဤသို့ လုပ်ကျွေးသည်ရှိသော်
ထိုအရှေ့အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။



ဆရာတို့ကို ပြုစုအပ်ကုန်၏-

တောင်အရပ်မည်သော
ဆရာ တို့ကို ပြုစုအပ်ကုန်၏။

၁။ နေရာမှ ထ၍ ခရီးဦးကြိုခြင်းဖြင့် လည်းကောင်း၊
၂။ ခစားဆည်းကပ်ခြင်းဖြင့် လည်းကောင်း၊
၃။ စကားကို နာယူခြင်းဖြင့် လည်းကောင်း၊
၎။ အရိုအသေလုပ်ကျွေးခြင်းဖြင့် လည်းကောင်း
၅။ အတတ်ပညာကို ရိုသေစွာ သင်ကြား လေ့ကျက်သင်ခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

တောင်အရပ်မည်သော ဆရာတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို အစဉ်စောင့်ရှောက်ကုန်၏။

၁။ ကောင်းစွာ ဆုံးမသင့်သော အရာကို ဆုံးမ ကုန်၏။
၂။ ကောင်းစွာ သင်သင့်သော အရာကို သင်စေ ကုန်၏။
၃။ အလုံးစုံသော အတတ်ကို ပြောကြား သင်ကြား ကုန်၏။
၎။ ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှင်း ကုန်၏။
၅။ ခပ်သိမ်းသော အရပ်တို့၌ အစောင့်အရှောက်ကိုပြု ကုန်၏။

တောင်အရပ်မည်သော ဆရာတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို စောင့်ရှောက်ကုန်၏။

ဤသို့ ပြုစုလုပ်ကျွေးသည်ရှိသော်
ထိုတောင်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

No comments:

Post a Comment